မန္တလေး>> (၁-မိုင်)
ရေစက်က သူ(မ)ကို နှုတ်ဆက်စေခဲ့တယ်
'ဟဲလို' ဆိုတဲ့ စကားလုံးနောက်မှ
စေညွှန်မထားသော ပြကွက်တွေက ဆင့်ကဲဖြစ်တည်လာခဲ့
သူ(မ)ရဲ့ စိတ်ညည်းညူဖြေလျော့မှုမှာ
ကျွန်တော်က အနီကတ်မြောက်မြားစွာကို ကိုင်ဆောင်ထားဖို့ ဖြစ်လာသူ
သူ(မ) ဆေးစက်ကျရာတိုင်းမှာ
ကင်းဗက်တစ်ရွက်ခြင်းဆီ လွင့်ပျံစေခဲ့သူ....
'ချစ်တယ်'တဲ့
တစ်စက္ကန့်၊ နှစ်စက္ကန့်........စက္ကန့် ခြောက်ဆယ်
ရထားတွေ ဆင့်ကဲဆင့်ကဲ ခုတ်မောင်းနေသလို
အလံတလူလူနဲ့ ပျော်ရွှင်မှုတွေက ဝမ်းပန်းတသာ
ပန်းတွေ ဝေနေအောင် လွင့်နေသော ကြည်နူးမှု...
'မောင်'
တော်သေးသည်...
သူ(မ) ကျွန်တော့်ကို လှုပ်နိုးခဲ့ရွေ့သာ...
ရုပ်မမြင်သံကြား ကိရိယာလေးက သူ(မ)အသံကို
လိုက်လိုက်လျောလျော သယ်ဆောင်လာစေတယ်
လက်ချောင်းလေးတွေရဲ့ ပြေးလွှားမှုက
အမှတ်တရ စကားလုံးတွေကို ထင်ကျန်စေခဲ့တယ်
သူ(မ) 'သရဲကြောက်တယ်'တဲ့...
အဲ့ဒီည မြန်မာစာ မမည် အင်္ဂလိပ်စာ မပီသော စာသားတွေ လွတ်လပ်ထင်ဟပ် ခဲ့တယ်...
ပထမအကြိမ်...
ဆုံတွေ့မှုကို ကျုံးရေပြင်ကြီး မြင်မသွားဘူး
နန်းမြို့ရိုးကြီး သက်သေတည်မသွားနိုင်ဘူး
ကျွန်တော့်ရဲ့ စက္ကူနှင်းဆီလေး
သူ(မ) လက်မှာ သက်ဝင်ဖူးပွင့်လာတယ်
အနက်ရောင် ဖိနပ်ပါးပါးလေး
ကျွန်တော့် အမှတ်တညှာရှိမှုကို အသိအမှတ်ပြုခဲ့တယ်...
ဒုတိယအကြိမ်...
ရှိခိုး ဦးတိုက်ခဲ့သော မဟာမုနိ
၁၅၀၀ တန် ထောပတ်ဖျော်ရည် ၂ ခွက်နဲ့ ဈေးဆိုင်တန်းငယ်
သူ(မ) ရက်လုပ်ခဲ့သော လက်ပတ်နက်ကလေး
အချိန်တွေ တရွေ့ရွေ့...
ဝေးကွာမှု ခြေလှမ်းတွေက ပြန်လည် လည်ပတ်လာပြီ
အဲ့ဒီနေ့ ကျွန်တော့် ဆိုင်ကယ်လေး ငိုတယ်...
သူ(မ)ရဲ့ 'ကျောက်စက်ရေ' (အတိတ်)
ကျွန်တော့်ရဲ့ 'ကြယ်တစ်စင်းရဲ့ ခြေသံ' (အတိတ်)
သူ(မ) တီးခတ်မှုမှာ ကျွန်တော် အရသာထည့်ထားသော 'ဝိညာဉ်ရှိုက်သံ' (အတိတ်)
သူ(မ) ရေးခြယ်မှုမှာ ကျွန်တော် ကောက်ကြောင်းလှပေးသော 'နှစ်ပင်လိမ်' (အတိတ်)
အမှတ်မထင်ကျန်ရစ်ခဲ့သော အမှတ်တရ သူ(မ) ကဗျာပေ့ခ်ျလေး (ပစ္စုပ္ပန်)
ကျွန်တော့်ရဲ့ (ပစ္စုပ္ပန်)မှာ (အတိတ်)တွေက လွမ်းဆွတ် သတိရစွာ...
ရန်ကုန်သို့>> (၄၃၂-မိုင်)
လူဦးရေ ၄ သန်းနီးနီးထဲမှ ကျွန်တော် ချစ်ခဲ့သော သူ(မ)
တကယ်တော့...
ကျွန်တော်နဲ့ သူ(မ) အကွာအဝေးက
ကေဗယ်ကြိုးတစ်ချောင်းစာပဲ ခြားခဲ့တာပါ
သူ(မ)သာ ဂဏန်း ၁၀ လုံးကို 'လူကြီးမင်း....'လို့ ထည်လဲ မသုံးခဲ့ဘူးဆိုရင်ပေါ့...
ဒါနဲ့...
သူ(မ) ကျွန်တော့်ကို ခေါ်တဲ့နာမည်လေးက '၃၀' တဲ့....
လင်းငြိမ်း
Posted via Blogaway
Wednesday, April 1, 2015
မန္တလေးသို့ >> (၁-မိုင်)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment