"မအောင်မြင်သော အမှန်တရား"
ဂစ်တာကို အသံထွက်အောင်တီးပြီး
ဒဏ်ရာကို ပုံကြီးချဲ့လိုက်တယ်
ဆန်တက်လို့မရတဲ့ မြစ်ထဲ
မျောပါနေဆဲ အိပ်မက်များ
စိုးရိမ်တကြီး မျက်ဝန်းလေး
ဟို အဝေးမှာ စိမ်းလန်းပါရဲ့လား...?
အမှိုက်တစ်စလို
ဘဝကို လမ်းမပေါ် ပစ်တင်ထားရချိန်
လေလွင့်ခြင်းနဲ့ လှပနေတဲ့
တိမ်တွေကိုလည်း အားကျမိပါရဲ့.....
ဘာဆေးမှ လာမပေးကြနဲ့ကွယ်
ဘယ်ဆေးမှ မသောက်ချင်တော့ဘူး
ကိုယ့်ယဉ်ကျေးမှုနဲ့ကိုယ်
သိမ်သိမ်မွေ့မွေ့လေး နာဖျား
ဟောဒီဒဏ်ရာဖွဖွလေးဟာလည်း
ကဗျာဆန်သော အလှတရားပါပဲ...။
ညီမလေးရေ...
မီးခိုးတစ်ဝက် ပြာတစ်ဝက် ပုံပြင်တွေနဲ့
သံယောဇဉ်ကို ကြက်ခြေခတ်ချင်ခဲ့သူ ညီမလေးရေ...
သက္ကရာဇ်တစ်ခု ပြောင်းတိုင်း
ဒဏ်ရာဟောင်းကို တစ်ခါပြန်ကြည့်ပါတယ်
ကဗျာတစ်ပုဒ်ရေးတိုင်း
မင်းအကြောင်းကို တစ်ခါပြန်တွေးပါတယ်
ဟောဒီမှာ
ကျောင်းဖွင့်ချိန်သီချင်းနဲ့ စိန်ပန်းနီတစ်ပွင့်
ဟောဒီမှာ
တနင်္ဂနွေအိပ်မက်နဲ့ ကော်ဖီတစ်ခွက်
ဟောဒီမှာ
မေလရဲ့မိုးတိမ်နဲ့ ဘဝရဲ့အမြင်ဆုံး အပူချိန်
ဟောဒီမှာ
ရှိုက်သံတစ်ဝက်နဲ့ နှုတ်ဆက်စကား
ဟောဒီမှာ
လေထဲ မိုးထဲ ရထားတစ်စင်း အပြင်းထွက်သွားပုံ
ဟောဒီမှာ
အထီးကျန်ဆန်လွန်းသော ပိတောက်ပွင့်ချိန်များ
ညီမလေးရေ....
အဝေးထိန်းခလုတ်တွေရဲ့ မေတ္တာတရားမှာတော့
ကိုယ့်ရယ်သံတွေလည်း
အခုဆို
တ ငွေ့ ငွေ့ ဖျား ပေါ့....။ ။
(နွေလူသစ်)
Saturday, April 25, 2015
မအောင်မြင်သော အမှန်တရား"
Subscribe to:
Post Comments (Atom)
No comments:
Post a Comment