"တစ်ယောက်တည်း စစ်ပွဲ"
အဆင်မပြေဘူးလား
တစ်ခုခုကို စွဲလမ်းခြင်းဟာ
တချိန်ချိန်မှာ စွန့်စားဖို့ ကတိစကားပဲ...
အရောင်တွေကို ပြန်ကြည့်နေသလား
အရည်အသွေးကို စစ်ဆေးနေသလား
ကိုယ့်ခံစားချက်နဲ့ကိုယ် ခြစ်ချထားတဲ့ပန်းချီကားထဲ
ကိုယ့်ယုံကြည်ချက်တွေ အရောင်လက်ဖို့ပဲ လိုမယ်။
ပင်လယ်ထဲမှာ လှိုင်းရှိတယ်
မြစ်ထဲမှာ ဝဲရှိတယ်
မနက်ဖြန်ဆိုတာကလည်း
လောကဓံရဲ့ ဒုတိယအမည်ပဲ ဖြစ်တယ်
ဆိုတော့...
တစ်ခုခုကို ဆုံးဖြတ်ဖို့
တစ်ယောက်ယောက်နဲ့ ဆွေးနွေးဖို့ လိုအပ်သလား...။
ဒီနေ့
မနက်ဖြန်
နောက်နှစ်ရက်အတွက် ရာသီဥတုကို
ဘယ်သူမှ မှန်အောင် ဘာသာမပြန်နိုင်ဘူး
ဆရာဝန်နဲ့ တွေ့ချင်တွေ့မယ်
ပုလိပ်နဲ့ တွေ့ချင်တွေ့မယ်
ဒါမှမဟုတ်
လောကကြီးကို ကိုယ်တို့မေ့ချင်လည်း မေ့သွားမယ်
မရေရာဘူး။
ကြည့်.....
ဈေးလမ်းထဲက မြင်းခွာသံတွေ ပျံတက်လာတယ်
ကြောက်သလား...?
လူတွေရှိနေသ၍တော့
စစ်ဆိုတာ ဖြစ်နေဦးမှာပဲ...
ဘာဖြစ်လဲ
စိတ်မပျက်ကြေး
ဒီဘဝပြီး နောက်ဘဝ
ကိုယ်တို့ လှလှပပမျှော်လင့်ကြမယ်.....။ ။
(နွေလူသစ်)
Friday, April 24, 2015
"တစ်ယောက်တည်း စစ်ပွဲ"
Subscribe to:
Post Comments (Atom)
No comments:
Post a Comment