"အခန်းထဲက မီးခိုးများ"
တကယ်ဆို ကိုယ့်ကိုယ်ကိုယ် ပြက်လုံးထဲထိုးထည့်ပြီး
ပေါ့ပေါ့ပါးပါး ရယ်မောလိုက်ပစ်လိုက်ရမှာ
ဒဏ်ရာဆိုတာ
ကိုယ်ခံစားမှ နာတဲ့အနာ ဆိုပြီးတော့လေ...
ဘယ်ဖြစ်တည်မှုကိုမှ
မျှော်လင့်တကြီး မရွေးချယ်ချင်ခဲ့ပါဘူး
အချိန်တန်တော့လည်း လကွယ်ညတွေ ပြိုကျလာမဲ့အတူတူ
အိပ်မက်တွေကို နံပါတ်စဉ်တပ်ပြီး
စနစ်တကျ ဖောက်ခွဲကြည့်နေရုံလေးပဲ
ကဲ.... ဘယ်ဒဏ်ရာ ဘယ်လောက်နက်မလဲ....
တကယ်ကို ပြိုင်ပွဲတွေနဲ့ ကမ္ဘာကြီးပါကွာ
ကျိုးလွယ် ကြေလွယ် အချစ်တွေကြောင့်တော့
ကိုယ့်ရေချိန်ထက်
တစ်စက်လောက်တောင် ပိုမသောက်ဖြစ်ပါဘူး
စနစ်တကျလောင်ကျွမ်းတတ်ဖို့
ပြီးတော့ စနစ်တကျ ငြှိမ်းသတ်တတ်ဖို့ဆိုတော့
ခြေစမ်းပွဲလေး နည်းနည်းပါးပါး လိုမှာပေါ့
ဒီလိုပါပဲ
ဒုတိယအကြိမ် ပြန်မလာနိုင်တဲ့ ဇာတ်ဝင်ခန်းတွေမှာ
မင်းသားလုပ်ရမလား
ဗီလိန်လုပ်ရမလား ဆိုတော့...
အမြဲတမ်းမာရ်နတ်ဖြစ်ခွင့်ကိုကျ
ဘယ်သူမှ မရချင်ဘူးလေ...
တခါ တခါတော့လည်း
အရာရာဟာ
အချိန်တန်ရင် ပြတ်သွားမဲ့ ဖိနပ်တွေဆိုပြီး
ကိုယ့်အသိတရားနဲ့ကိုယ်
တရားကျသလိုလို/ မကျသလိုလိုနဲ့
အရာရာကို လျှော့ကြည့်/ တင်းကြည့်နေရတဲ့အဖြစ်
လူ့ဘ၀ဆိုတာကလည်း
အလွယ်တကူ မစွန့်စားသင့်တဲ့ သတ်ကွင်းတစ်ခုလို့
နည်းနည်းပါးပါး အဆိုးမြင်သင့်ရဲ့ မဟုတ်လား။ ။
(နွေလူသစ်)
Friday, April 24, 2015
"အခန်းထဲက မီးခိုးများ"
Subscribe to:
Post Comments (Atom)
No comments:
Post a Comment