"တစ်ယောက်တည်း ညနေ"
နံရံထဲ နစ်နေတဲ့သံကို ဆွဲနုတ်ပြီး
"ဒီလောက်တော့ ရှိမှာပေါ့" လို့
ကိုယ့်ကိုယ်ကိုယ် ဖွဖွလေး ပြုံးပြမိတယ်။
နေ၀င်ချိန်က လွမ်းစရာကောင်းပါတယ်
ကိုယ်ကတော့ သံဝေဂပါးပါးနဲ့
သူပစ်ချခဲ့တဲ့ အမှန်တရားကို
သက်သောင့်သက်သာ လက်ခံထားလိုက်တယ်။
မြစ်ထဲ
ရွေ့လျားနေတဲ့ ရေတွေ
ကိုယ် မြင်ရတယ်...
ကောင်းကင်ထဲ
ပျံသန်းနေတဲ့ ငှက်တွေရဲ့ တောင်ပံခတ်သံ
ကိုယ် ကြားရတယ်...
မကြာခင်
နေ၀င်သွားတော့မယ်
ကိုယ် သိတယ်...
အမှောင်ထဲ
စမ်းတ၀ါးဝါးနဲ့
ကိုယ် လမ်းမှားဦးမလား
မသေချာပါဘူး...
မမြင်ရတဲ့ ကျည်ဆံဟာ
ကြားရတဲ့ သေနတ်သံထက်
ပိုကြောက်ဖို့ ကောင်းမှန်း ကိုယ်သိခဲ့တယ်
အိပ်မက်တွေ ဆက်မက်ခွင့်မရလည်း
ဘာပဲဖြစ်ဖြစ်
အိပ်ယာဝင် အိပ်ယာထတွေမှာတော့
မျက်နှာသစ်ဖြစ်ဦးမှာပဲ။
ဒီညနေမှာ
မြစ်ကို ငေးရင်း
ကိုယ့်တစ်ကိုယ်လုံး အတွေးတွေရွှဲနစ်နေတယ်
ဟီရာကလိတပ်စ်လည်း
မြစ်ကမ်းနားမှာတော့ ငေးရီဖူးမှာပဲ
သေချာပါတယ် အချစ်ရယ်...
လူတစ်ယောက်ကို နှစ်ခါလွမ်းလို့မရဘူးဆိုတာ။ ။
(နွေလူသစ်)
Friday, April 24, 2015
"တစ်ယောက်တည်း ညနေ"
Subscribe to:
Post Comments (Atom)
No comments:
Post a Comment