"မပို့ဖြစ်သေးတဲ့ စာ"
နေကောင်းရဲ့လား ...
သစ်ရွက်ဟောင်းတွေကြွေတိုင်း
ပြောင်းလဲခြင်းကို လက်ခံနိုင်ဖို့
တိုးတိုးတိတ်တိတ် ပြင်ဆင်နေရတယ်
တစ်နေ့မှာ ဖူးပွင့်လာနိုးနဲ့
တိမ်တွေ အားကိုးပြီး ပျိုးထားမိတဲ့ အိပ်မက်တွေ
စိတ်ခြား ကိုယ်ခြား ဝေးကွာခြင်းမှာ
ညှိုးခွေသွေ့ခြောက် ...
ဘယ်တံခါးခေါက်သံမှ
ငါ့ဆီ ပြန်ရောက်မလာတော့ဘူးဆိုလည်း
အတိတ်တွေကိုတော့
မက်မက်မောမော ဆုပ်ကိုင်ထားမိဆဲ။
မင်း ... အဆင်ပြေရဲ့လား...
ဒီနှစ်ဆောင်းကတော့
အရင်လမ်းဟောင်းအတိုင်း
ပြက္ခဒိန်ပေါ်တက်ပြီး ဒီဇင်ဘာကို ဖြတ်သွားပြန်ပြီ
ယုံကြည်ရာ မျှော်မှန်းချက်တစ်ခုဆီအတွက်
မင်းစိတ်ဓာတ်တွေ
အရင်လို လတ်ဆတ် ထက်မြတ်ရဲ့လား...
ဘာပဲဖြစ်ဖြစ်
ကလေးငယ်လို သန့်စင်တဲ့ မင်းအပြုံးတွေကို
စွန့်မပစ်လိုက်ပါနဲ့ ...
ခေတ်ကြီးက အပြေးသန်တယ်ဆိုပေမယ့်လည်း
လူတွေက အပြောင်းအလဲမြန်တယ်ဆိုပေမယ့်လည်း
မနက်ဖြန်တွေအတွက်တော့
ဟန်ချက်မပျက်အောင် ရပ်နိုင်ရင်ပဲ
လုံလောက်နေပါပြီ ...
ကြားရတဲ့ သတင်းတွေအရ
မင်းစိုက်ခင်းထဲ
စံပယ်ပွင့်တွေ အလေအလွင့်များနေတယ်ဆို ...?
မငိုပါနဲ့ ...
ရေလောင်းပါ ပေါင်းသင်ပါ
ပြီးတော့ သတိရှိရှိ စောင့်ကြည့်ပါ
တချို့ပြိုင်ပွဲတွေမှာ
အနိုင်ဆိုတာ
စနစ်တကျ စွန့်ပစ်ရမယ့် အမှိုက်ဖြစ်ကြောင်း
ယုံကြည်ပါ ...။
(နွေလူသစ်)
Thursday, April 23, 2015
"မပို့ဖြစ်သေးတဲ့ စာ"
Subscribe to:
Post Comments (Atom)
No comments:
Post a Comment