Thursday, June 4, 2015

အပြန်လမ်း

"အပြန်လမ်း"

ဒီနေ့အဖို့တော့
စာကလေးတွေကို လွှတ်ပြီး
ကောင်းကင်ကိုနှစ်နှစ်ကာကာ ပြုံးပြလိုက်မိရဲ့ ။

ချစ်ခြင်းမေတ္တာနဲ့ အဝေးဆုံးနေ့တွေကို အဆုံးသတ်ဖို့
မနက်ဖြန်ရက်စွဲနဲ့
လတ်လတ်ဆတ်ဆတ် လက်မှတ်လေး ...
အိမ်ပြန်တေးတွေဟာ
သွေးကြောထဲ စီးမျော လည်ပတ်
လောကဓံကမ်းပါးပြတ်တွေကို
အမေ့မျက်နှာတစ်ခုတည်းနဲ့ ကျော်ဖြတ်ခဲ့တယ် . . .
မေမေ...
ကျွန်တော့်ကို ကြိုပါ ။

ဆယ်နှစ်လုံးလုံး
ခုတ်မောင်းလို့မရတဲ့ ရထားပျက်ပေါ်မှာ
အသံအက်နေတဲ့ မောင်းကွဲတစ်ချပ်လို
ဘ၀ကို ဖြတ်သန်းကျင်လည်ခဲ့ရာ
ဟောဒီ မအောင်မြင်မှုတွေဟာ
ကျွန်တော်ရှာဖွေတွေ့ရှိခဲ့တဲ့ လောကဓံအကျိုးအပဲ့တွေပါပဲ ...

ဆံပင်ရှည်သလောက် စိတ်ဆတ်ခဲ့ဖူးတဲ့
လူငယ်ဘ၀ရဲ့ သက္ကရာဇ်တွေနဲ့
အေးစက်ကြမ်းရှ မာနနဲ့ ရိုင်းပျမှုတွေကိုလည်း
စွန့်လွှတ်ခဲ့ပါပြီ...။

အရှိန်လွန်ပြီး တိမ်းမှောက်သွားတဲ့ မော်တော်ကားတွေနဲ့
ရေချိန်လွန်ပြီး ဇတ်ကျိုးသွားတဲ့ ယမကာသမားတွေနဲ့
လိုချင်တာကို ဘောင်ခတ်ပြီး
မသိမသာ သဲ့ယူတတ်တဲ့ လူယဉ်ကျေးတွေနဲ့
ချစ်စရာတစ်ခုရှိရင် ဒုက္ခတစ်ခုရှိတယ်ဆိုတဲ့ သူတော်စင်တွေနဲ့
ပျားရည်ထောင်ချောက်မှာ သဘောင်္မှောက်ခဲ့ကြတဲ့ လူငယ်တွေနဲ့
အမေ့သားရဲ့နှလုံးသားဟာ
အခုဆို တကယ်ကို ချွေးထွက်များခဲ့ပါပြီ။

ဒီတစ်ခေါက်
အမေ့အိမ် ပြန်ရောက်တဲ့အခါ
ဖြူစင်စင် သက္ကရာဇ်အဟောင်းလေးတွေကို ဆွဲထုတ်
လောကကို အသိမ်မွေ့ဆုံး ပြုံးပြပါ့မယ်
မေမေ...
ကျွန်တော့်ကို ကြိုပါ...။ ။

(နွေလူသစ် )


No comments:

Post a Comment