အိမ်ပြန်ချိန်
နွေက နွေစစ်စစ်မှန်းသိအောင်
အားနဲ့အင်နဲ့ လေးလေးပင်ပင် ပူပြတယ်။
အမေ မျှော်နေမလား.....?
ကျွန်တော် ပျော်ပါ့မလား.....?
မေးခွန်းတွေ တသီကြီးနဲ့
အဝေးပြေးဘတ်စ်ကားကြီးဟာ တအိအိ...
ဘယ်စိတ်နဲ့ ဘယ်လိုကြည့်ကြည့်
အပူမိထားတဲ့ အိမ်အပြန်လမ်းဟာ
နွမ်းလျခွေယိုင်...
ဘာပဲဖြစ်ဖြစ်
မေမေဟာ ကျွန်တော့်ရဲ့ မြင့်မြတ်သောပန်းတိုင်ပါ။
ဘဝလုံးပေါက် သင်္ခန်းစာအဖြစ်
ချစ်ချစ်ခင်ခင် ဖောက်ဝင်လာခဲ့သော ဓားများရှိရာ
အပျင်းပြေစကားလုံးများနဲ့
စိတ်ကောင်း နှလုံးကောင်းများကျဆုံးရာ
လူငယ်ဘဝရဲ့ ဖုန်းဆိုးမြေဆီ
ကျွန်တော် ပြန်လာခဲ့ပါပြီ.....။
"ကိုယ့်ဘဝကို ဘယ်သူမှကိုင်လှုပ်တာ မကြိုက်ဘူး
ကိုယ်ကျေနပ်ရင် ကိုယ့်ဘဝကို ကိုယ်တိုင်ခုတ်ထစ်
ထင်းတစ်ချောင်းအဖြစ်လည်း ပေးဆပ်ပစ်ဝံ့တယ်"
အဲဒီလို အရိုင်းစိတ်နဲ့
နွေရာသီကို တံခါးပိတ်ပစ်ချင်ခဲ့တဲ့ စိတ်တွေ
"စာမေးပွဲပြီးတာနဲ့ ပြန်ခဲ့ကွယ်" ဆိုတဲ့
အမေ့စကားတစ်ခွန်းနဲ့ ရိုက်ချိုးချေမွှ
အိမ်အပြန်လမ်းကို စခဲ့ပါတယ်။
ခွင့်လွှတ်ပါ မေမေ...
ကန္တာရခရီးကြမ်းထဲ ခြေဗလာနဲ့ဖြတ်သန်း
နေရဲ သေရဲအောင် လေ့ကျင့်ခဲ့ရတဲ့ ဇာတ်ဝင်ခန်းတွေမှာ
သိမ်မွေ့ခဲ့ဖူးသော နှလုံးသားဟာ
ဓားပါးတစ်လက်လို အေးစက် ထက်ရှ...
တစ်ယောက်ယောက်ကို
လူမှုရေးအရ ကျွန်တော်ပြုံးမပြမိရင်
တစ်ယောက်ယောက်ကို
ခံစားချက်အရ ကျွန်တော်ရိုင်းပျမိရင်
ခွင့်လွှတ်ပါ မေမေ...။ ။
(နွေလူသစ် )
Thursday, June 4, 2015
အိမ်ပြန်ချိန်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment