Thursday, June 4, 2015

" ဖေဖော်ဝါရီ အပြင်ဘက်ကလူ "

" ဖေဖော်ဝါရီ အပြင်ဘက်ကလူ "

ကိုယ်ဖောက်ထားတဲ့လမ်းမပေါ်ကိုယ်လျှောက်တော့
လမင်းကို ကျောခိုင်းပစ်လိုက်ရတယ်. . .
ချစ်ခြင်းမေတ္တာရဲ့ နူးညံ့တဲ့ဆွဲငင်အားကို
နားမလည်ချင်ယောင်ဆောင်ခဲ့တဲ့ကောင်
အဲ့ဒီကောင်ပေါ့
အခု . . .
သူ့ နှလုံးသွေး နဲ့ သူ့ နေ့တွေကို ဆေးဆေးချနေရတာ
ရင်ဘတ်တွေသာ ဟောက်ပက်ပက်ဖြစ်လာတယ်
နေ့တွေက တောက်ပမလာဘူး. . .
အခုမှ
ပျောက်ဆုံးသွားတဲ့ လမင်းကိုတမ်းတစိတ်နဲ့
ကောင်းကင်ထဲ လင့်စင်ထိုးလို့
တေးသွားအမျိုးမျိုးကို တီးခတ်ပြချင်ခဲ့လည်း
အိပ်မက် က အိပ်မက် ဆန်လွန်းးတော့
ညီမလေးရေ. . .
တိမ်တွေ ကိုသာ အတွေးနဲ့ မျှားနေရပေါ့. . .
နေ့နဲ့ည သင်္ကေတတွေ ရဲ့ဖြတ်သန်းမှုမှာ
စိတ်ခံစားချက်က သွေ့သွေ့ခြောက်ခြောက်
ခြေရာဖျောက်သွားတဲ့လမင်းလေးကိုသာ
တမျှော်တခေါ် အလွမ်းနဲ့ ဝေ့ဝဲရှာဖွေမိ
ရပ်တည်မှုတစ်စုံတစ်ရာအတွက်
ပေးဆပ်လိုက်ရတဲ့အရင်းအနှီးကကြီးမားလွန်းတော့
ရင်နဲ့ရေးတဲ့ တေးသီချင်းတွေတောင်
ကြေကွဲရနံ့ ရင့်ရင့် နဲ့ အုံ့မှိုင်းလို့. . .
ညီမလေးရေ. . .
ငါ ဟာ
နေ့စဉ် ရက်ဆက်
မုန်တိုင်းနဲ့ မိတ်ဆက်နေရသူပါ . . . ။

နွေလူသစ်


No comments:

Post a Comment