"လူညံ့"
ဘယ်တရားစာ ဘယ်လိုဖတ်ဖတ်
သံသရာထဲက ရုန်းမထွက်တတ်သလို
ကမ္ဘာကြီး ဘယ်လိုပြောင်းပြောင်း
ငါ့ခေါင်းဟာ
သက္ကရာဇ်အဟောင်းထဲ မွန်းကျပ် ရပ်တန့်နေတယ်။
ဒီအချိန်ဆို... ဆိုဆိုပြီး
တဖျပ်ဖျပ် သတိရတတ်တဲ့ စိတ်
နံရံပေါ် ချိတ်ထားတဲ့နာရီကို
ဖြုတ်သိမ်းလိုက်ရင် ကောင်းမလား...။
လမ်းပေါ်ကို ထွက်ကြည့်တယ်
ကဖေးဆိုင်ထဲ ထိုင်ကြည့်တယ်
စီးကရက်ကို ရှိုက်ကြည့်တယ်
မရဘူး.....
အလွမ်းက လူမိုက်ဆန်ဆန် တုန့်ပြန်နေတယ်။
စိတ်ပြေလက်ပျောက်
သတင်းစာကိုကောက်ဖတ်ကြည့်တော့
ပေါ့ဆမီးကြောင့်
တစ်ကိုယ်လုံးလောင်ကျွမ်းသွားတဲ့ လူတစ်ယောက်အကြောင်းဟာ
ပါမလာဘူး။
မြစ်ထဲ ရေနစ်နေတဲ့ မာရေကျောရေပင်လယ်ရဲ့သတင်းဟာ
ပါမလာဘူး။
ဒိုင်ယာရီစာအုပ်ကြားမှာ
အပြင်းဖျားနေတဲ့ ညတွေရဲ့သတင်းဟာ
ပါမလာဘူး။
လောလောလတ်လတ် လွင့်လာတဲ့ လေထဲက
ပူနွေးရှတ နွေဦးရနံ့ကို ရတယ်
အပြာရောင်မိုးတိမ်လေးရဲ့ ကျောင်းပိတ်ချိန်ကို
ပြက္ခဒိန်ထဲမှာ တွေ့တယ်
တိုက်စစ်ညံ့တဲ့ အားနည်းချက်နဲ့
ပြိုင်ပွဲက ထွက်ခဲ့ရတဲ့ အသင်းတချို့အကြောင်းတွေးရင်း
ကိုယ့်အားနည်းချက်ကို မပြုပြင်တတ်တဲ့
လူညံ့တစ်ယောက်အကြောင်း စဉ်းစားမိတယ်
ရုတ်တရက် အလင်းပွင့်မှုမျိုးနဲ့
ရိုးသားမှုကို သွေးကြောထဲ ထိုးစိုက်ပြီး
ကိုယ့်ကိုယ်ကိုယ် ပြန်ကြည့်လိုက်တဲ့အခါ...
......................
......................
သေချာတယ်
"ငါဟာ လူညံ့ပဲ....."။ ။
(နွေလူသစ် )
Thursday, June 4, 2015
လူညံ့
Subscribe to:
Post Comments (Atom)
No comments:
Post a Comment