လမ်းခွဲ"
ဆုပ်ထားတဲ့လက်ကို ဖြန့်လိုက်တယ်
ချည်ထားတဲ့ ကြိုးကို ဖြုတ်လိုက်တယ်
ဒီနေ့က စ
ငါတို့နှစ်ယောက်ဘ၀ကြားမှာ
လျှောက်စရာ တံတားလည်း မရှိတော့
မှောက်စရာ သင်္ဘောလည်း မရှိတော့
ကိုယ်ယုံကြည်ရာ လမ်းတွေအတိုင်း
ကိုယ်မြတ်နိုးရာ မြို့တွေဆီ
ပေါ့ပေါ့ပါးပါး ရွေ့လျားထွက်ခွာသွားကြရုံ.....။
စစ်ပွဲ မရှိ
ငြိမ်းချမ်းရေး မရှိ
တစ်ယောက်နာမည် တစ်ယောက်မမှတ်မိတဲ့အထိ
ငါတို့ သာသာယာယာ မေ့ပစ်ကြရုံ.....။
ကမ္ဘာကြီးအကြောင်းက စ
ရုပ်ရှင်တွေအကြောင်းက စ
အရောင်တွေအကြောင်းက စ
အရေးပါခဲ့သော အချိန်ကာလများ
သစ်ရွက်ကြွေတာက စ
မိုးစွေတာက စ
မွှေးမြသော ပိတောက်ရနံ့များက စ
လှပလွန်းသော အလွမ်းရှရှများ
ပြတ်. . တောက်. . ကျ. . ကွဲ. .
အခုတော့
စစ်ပွဲထဲ ကျွံကျခဲ့ရတဲ့ ဘဝတွေလို
မုန်တိုင်းအောက် ဒူးထောက်လိုက်ရတဲ့ သစ်ပင်တွေလို
ပျောက်ဆုံးသွားသော ပျော်ရွှင်စရာ
ဆေးကုနေရသော နားလည်မှု
နောက်တခါ
ရယ်သံအတုတွေ မပို့ကြေး...
ငါတို့ အေးအေးဆေးဆေး ဝေးလိုက်ကြရုံ . . . ။ ။
နွေလူသစ်
Thursday, June 4, 2015
လမ်းခွဲ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment