"ဂျစ်ပစီ အတု"
အလင်းထဲက အရောင်တွေ
အရောင်ထဲက သင်္ကေတတွေ
ဖောက်မဖတ်ရဲသေးတဲ့ စာတစ်စောင်လို
ဘ၀အဓိပ္ပါယ်ကို သော့ခတ်ငြိမ်သက်
လမ်းပေါ်မှာ ငြိမ်ငြိမ်လေးရပ်ကြည့်တယ်။
ဘယ်သွားရမလဲ....
ဘာတွေကို ထားခဲ့ရမလဲ....
ပင်လယ်ကို မမြင်ဖူးပေမယ့်
ရေနှစ်ခါ နစ်ဖူးတဲ့ သင်္ခန်းစာ
မနက်ဖြန်အကြောင်း ဒီနေ့ရေးကြည့်တဲ့အခါ
သူငယ်ချင်း....
မင်းလည်း စိတ်ကူးယဉ်မိတာပဲလား...။
ပန်းချီကားတစ်ချပ် ရေးတယ်
ကဗျာတစ်ပုဒ် ဆွဲတယ်
စကားလုံးအလွဲတွေနဲ့ ထဲထဲဝင်ဝင်ပတ်သတ်တယ်
အိပ်မက်တွေကို နံပါတ်စဉ်တပ်ပြီး
နံရံပေါ် ကပ်ထားတယ်။
စွန့်စားခန်းများ
ရည်ရွယ်ချက် အဟောင်းများ
လက်ရေတပြင်တည်း ချစ်ခြင်းမေတ္တာ
လက်တလောရှင်သန်ခြင်းဟာ
ကြောင်တစ်ကောင်လို ပျင်းရိပျင်းတွဲ နိုင်လွန်း။
ဘယ်အစွန်းကိုမှ မရောက်ဖြစ်သလို
ဘယ်လမ်းကိုမှ မလျှောက်ဖြစ်တဲ့
သက္ကရာဇ်ကောက်ကြောင်းတစ်ချို့
အရေးတကြီးမျက်ဝန်းတွေ ဘောင်ဘင်ခတ်နေတာမြင်တိုင်း
ထိန်းမနိုင် သိမ်းမရ ရယ်သွမ်းသွေးချင်စိတ်
ကိုယ့်ညတွေကိုလည်း
အခုထိ အိမ်ပြန်မသိပ်နိုင်သေးဘူး။ ။
နွေလူသစ်
်
Sunday, June 14, 2015
"ဂျစ်ပစီ အတု"
Subscribe to:
Post Comments (Atom)
No comments:
Post a Comment