Thursday, June 4, 2015

"မပြောဖြစ်ခဲ့တဲ့ ကဗျာ"

"မပြောဖြစ်ခဲ့တဲ့ ကဗျာ"

နှင်းစက်တွေစိုရွှဲနေတဲ့ မနက်ခင်းတစ်ခုကို
မဖြစ်မနေ လက်ခံလိုက်ရတာကိုက
ဝဋ်ကြွေးတွေနဲ့ လမ်းမခွဲနိုင်သေးတာပဲ ဒီဇင်ဘာ...
တွန့်လိမ်ကွေ့ကောက်လွန်းတဲ့
လူမှုရေးစီးကြောင်းတလျောက်မှာ
သတိရတိုင်း ခေါင်းပုတ်ခံနေရတဲ့ ကြောင်တစ်ကောင်ဟာ
ကျွန်တော်... လား ...။

ကိုယ့်ဘ၀ကိုယ် စားပွဲပေါ်တင်ပြီး
စိတ်တိုင်းကျပြုပြင်ဖို့ ကြိုးစားနေရချိန်မှာ
အပေါစား မိုးတိမ်များ
တံခါးလာမခေါက်ကြပါနဲ့ .....
ဟောဒီလမ်းနဲ့ ဟောဒီစခန်းအတွက်တော့
နေဖို့ပဲ ဖြစ်ဖြစ်
သေဖို့ပဲ ဖြစ်ဖြစ်
ကိုယ့်သွေးနဲ့ကိုယ် လုံလောက်တယ်...။

ွှ"မနေ့က ရောက်ရှိလာတဲ့ ဒုက္ခတွေနဲ့
မနက်ဖြန်မှာ ရောက်ရှိလာမယ့် ဒုက္ခတွေရဲ့စာရင်းကို
သီချင်းတစ်ပုဒ်လောက်တောင် စိတ်မ၀င်စားဘူး"ဆိုတဲ့
ကြီးကြီးကျယ်ကျယ် အပြောမျိုးနဲ့
ကိုယ့်ကိုယ်ကိုယ် ချော့မြူရင်း
ကိုယ့်ဘ၀ကိုယ် ဆွဲထူခဲ့သမျှ
လူမှုရေးဆိုတဲ့ စကားတစ်ခွန်းအတွက်တော့
ဘယ်တော့မှ လက်နက်မချပါရစေနဲ့ မေမေ...

နာကျည်း/နာကျင်မှု အထပ်ထပ်နဲ့
တောင်တန်းတွေကို ကျော်ဖြတ်နေရတဲ့ မေမေ့သားပါ ...
တစ်ဘ၀စာ အမှတ်အသားတွေနဲ့
ကိုယ့်ကိုယ်ကိုယ် လူလားမြောက်အောင်
ကိုယ့်ဦးနှောက်ကိုယ် ဓားထောက်ထားရတဲ့ မေမေ့သားပါ...
ကျွန်တော့်အဘိဓမ္မာတရားမှာ
အကုသိုလ်များခဲ့ရင်လည်း
ဘယ်ဒဏ်ရာမဆို ၀ယ်ပါ့မယ်
ဘယ်သံသရာမဆို လည်ပါ့မယ်။

ရန်သူကို ရန်သူလို ဆက်ဆံခွင့်ရဖို့
မိတ်ဆွေကို မိတ်ဆွေလို မြတ်နိုးခွင့်ရဖို့
ဒီဘ၀မှာတော့
ဘယ်နည်းနဲ့မှ လက်နက်မချပါရစေနဲ့...

ဟောဒီ လက်ဝဲရင်ဘတ်ပေါ်က ဒဏ်ရာဟာ
ကိုယ့်ကိုယ်ကို သေကြောင်းကြံခဲ့တာ
မဟုတ်ပါဘူး မေမေ...။ ။

(နွေလူသစ်)
Feeling: lost myself


No comments:

Post a Comment