"ရုပ်ရယ်၊ နာမ်ရယ်၊ လောကဓံရယ်"
ဟောဒီလမ်းတွေပါပဲ
ကြမ်းရှ အေးစက်
ငါတို့ အသက်တွေ ပဲ့မထွက်ဖို့
နှလုံးသားတွေ အသားမာတက်အောင် ရုန်းခဲ့ကြရ....
အရောင်မှိန်မှိန် မျက်ဝန်းအိမ်တွေအတွက်
အပျိုဆုံးဆန္ဒတွေကို ရိုက်ချိုး
ကျွန်တော့်မှာ သွေးတိုးရောဂါရှိတယ်ဆိုတဲ့ အပြောမျိုးနဲ့
အရာရာကို ငြင်းဆန်
မနက်ဆို
လောကရဲ့ သတ်ကွင်းထဲမှာ
မင်းနဲ့ငါ ဆုံကြမယ်...။
ငါတို့ ဘာတွေပိုင်ဆိုင်ခဲ့ကြသလဲ ...
တခုခုကို တွေးတိုင်း
တချွင်ချွင်မြည်နေတဲ့ စိတ်ခြေချင်းတွေလား ...
ရှူမိတဲ့ လေထဲက
ရနေကျ ရနံ့တွေ လွင့်လာ
ဘဝပေး အသိပညာဆိုတာ
ခြေဖဝါးပြင်က အက်ကွဲကြောင်းတွေလား...
နေတွေ ထွက်လာတယ်
လတွေ ထွက်လာတယ်
ကြယ်တွေ ထွက်လာတယ်
ငါတို့လည်း လမ်းတွေပေါ် ထွက်လာခဲ့ကြတယ်
ဘာအတွက်လဲ...
မင်းအရေပြားမှာ ထိုးထားတဲ့ တတ်တူးဟာ
ငါ မဖတ်တတ်တဲ့ အက္ခရာ
ငါ့အသွေးအသားမှာ လိုအပ်နေတဲ့ ဓာတ်စာဟာ
မင်းမမြင်ဘူးတဲ့ မေတ္တာ
ဆိုတော့......
ဘဝဟာ နေသာထိုင်သာ မရှိဘူးပေါ့.....။ ။
(နွေလူသစ်)
Thursday, June 4, 2015
"ရုပ်ရယ်၊ နာမ်ရယ်၊ လောကဓံရယ်"
Subscribe to:
Post Comments (Atom)
No comments:
Post a Comment