"ဗန်ဒါရွက်ပေါ်မှ မိုးရေစက်များ"
သင်္ခါရကို သရုပ်ပြဖို့
ကောင်းကင်ဘုံက ခုန်ချလာသလား
ချစ်ခြင်းမေတ္တာ၊ အေးမြခြင်း
စစ်ပွဲတွေဟာ အခုထိ အိုမင်းမသွားကြ။
မိဘမဲ့ ကလေးတစ်ယောက်လို
တိုက်ပွဲကြား စွန့်စားနေရတဲ့ ဒုက္ခသည်လို
ကြွေခြင်းဟာ သိပ်လွယ်နေတယ်။
သေခြင်းဟာ သိပ်လွယ်နေတယ်။
ဖြစ်တည်မှုတစ်ခုအပေါ်မှာ
လျှော်ပစ်လို့ မရတဲ့ ပျက်စီးခြင်းတစ်ခု
ရုပ်,နာမ် ဝေါဟာရတွေထက်
အာလုံးနားလည်လွယ်မဲ့ မျက်မြင်သင်္ကေတ
ဘ၀ဟာ ဘာလဲ...
ငါ့ကို လှမ်းမေးလိုက်သလား
ဘ၀ဟာ ဒါပဲ...
ငါ့ကို လှမ်းပြောလိုက်သလား
နေခြင်း တန်ဖိုး
သေခြင်း တန်ဖိုး
ငါ့စိတ်ထဲ အမြစ်စွဲနေတဲ့ ရောဂါပိုးက
ဆေးမတိုးတော့တာ ခက်တယ်။
အမေ့အိမ်ပြန်ရောက်ဖို့
မြေပြင်ဆီ ခေါင်းတိုးဖောက်ခွဲ
အဲဒီလို ကိုယ့်ကိုယ်ကိုယ် လက်ရဲဖို့ လိုသလား
ငြိမ်းချမ်းရေး၊ အမှန်တရားနဲ့ စိတ်ခံစားချက်
ဖောက်ကနဲ ပေါက်ကွဲပြီး
ကောင်းကင်ဘုံ ပျံတက်သွားတဲ့ မင်းကိုယ်ငွေ့ကို
ငါ မတွေ့လိုက်ဘူး မိုးစက်...။ ။
နွေလူသစ်
Sunday, June 28, 2015
"ဗန်ဒါရွက်ပေါ်မှ မိုးရေစက်များ"
Subscribe to:
Post Comments (Atom)
ကြိုက်တယ် ဆရာ
ReplyDelete