'' ကဗျာနံပါတ်-၁၃ ''
ငါ့မျက်လုံးကိုမှိတ်ထားခဲ့တယ်
အခန်းမီးကို ပိတ်ထားခဲ့တယ်
ဝိုင်တစ်ခွက်ရဲ့ လတ်လတ်ဆတ်ဆတ်ရနံ့
စားပွဲထက်မှာ ဘယ်သူထားခဲ့သလဲ . . . ။
လူငယ်ဗီဇအရ
ငါဟာ ပင်လယ်ရေကိုသောက်ခဲ့
ကြယ်အကြွေကို ကောက်ခဲ့
ဖြစ်တည်မှုကို တောက်ခေါက်ခဲ့တဲ့အပြင်
အရေပြားထဲ အပ်သွင်းပြီး
ချစ်ခြင်းကိုလည်း ဖော်ကျူးခဲ့ဖူးရဲ့ . . . ။
စွပ်ကြောင်းတွေ . . .
စိတ်မှာ၊ အရေပြားမှာ၊ နှလုံးသားမှာ
ထင်ထင်ရှားရှား . . .
''မမှားဘူး !
ဘယ်တော့မှ မမှားဘူး!" လို့
ကျယ်ကျယ်လောင်လောင် အော်ဟစ်
ငါ့မာနနဲ့ ငါ
နေခဲ့တယ်၊ လေခဲ့တယ်၊ ပေခဲ့တယ်။
ဖိတ်စာတစ်စောင်က သယ်ဆောင်လာတဲ့မုန်တိုင်းမှာ
ငါဟာ အကြီးအကျယ် ဖျားလို့ နာလို့ . . .
ယုံကြည်ရာဆီဆန့်တန်းထားတဲ့ ငါ့ဓားဟာ
ငါ့နှလုံးသားပေါ် နေရာမှားလို့ . . .
ထိခိုက် ပြတ်ရှ . . .
''သွားကြပါ!
ထွက်သွားကြစမ်းပါ!''
ငါ့အသံဟာ
လှောင်ချိုင့်ထဲက ဒဏ်ရာရသားကောင်လို
အက်ကွဲ စူးနစ် . . .
ဘုံဆိုင်၊ ကဖေးဆိုင်နဲ့ လမ်းကြိုလမ်းကြားမှာ
ငါဟာ သွေးဆာနေတဲ့ သားရိုင်းတစ်ကောင်လို
ရွေ့လျားခဲ့တယ်၊ အရွေ့မှားခဲ့တယ်။
မာယာဓားချက်နဲ့ သွေးပျက်ခဲ့တဲ့စိတ်ဟာ
ကံကြမ္မာကို မယုံဘူး
ချစ်ခြင်းမေတ္တာကို မယုံဘူး
သစ္စာတရားကို မယုံဘူး
ကတိစကားကို မယုံဘူး
ဧဒင်ကို မယုံဘူး
ကမ္ဘာဦးပုံပြင်ကို မယုံဘူး။
မေ့ချင်ပြီ . . .
မေ့ထားခဲ့ချင်ပြီ . . .
အတိတ်များ၊ အရိပ်များ
ဖုန်းနံပါတ်နဲ့ နေ့စွဲတပ်အမှတ်တရပစ္စည်းများ
စွတ်စိုသော မိုးရာသီများ . . .
သွားပါ! ပြန်ယူသွားပါ!
မင်းရဲ့ဝိုင်တွေ ပြန်ယူသွားပါ!
ငါဟာ မလတ်ဆတ်တဲ့သစ်သီး
ငါဟာ ရက်လွန်နေတဲ့ စားသောက်ကုန်
ငါဟာ နွံနစ်နေတဲ့မြစ်
ငါ့ကို ချန်ထားရစ်ခဲ့ပါ . . . ။
မေ့ပါ! ငါ့ကို မေ့လိုက်ပါ!
မင်းအသက်နဲ့၊ မင်းအရွယ်နဲ့
ပင်လယ်ရှိရာ သွားပါ
စိမ်းလန်းတဲ့မြက်ခင်းတွေဆီ သွားပါ
ကောင်းကင်အောက်မှာ လမ်းလျှောက်ပါ
တိမ်တွေကို ကြည့်ပါ
လရောင်သီချင်းနဲ့ ချစ်ခြင်းကဗျာကို သီပါ
ပြီးတော့ . . .
ပြုံးပါ
အဆုံးသတ်ပြကွက်တွေကို
လှလှပပတင်ဆက်ဖို့
သွက်သွက်လက်လက် ပြုံးပါ
ရက်ရက်စက်စက် ပြုံးပါ။ ။
(နွေလူသစ်)
Thursday, June 4, 2015
'' ကဗျာနံပါတ်-၁၃ ''
Subscribe to:
Post Comments (Atom)
No Deposit Casinos - Find The Best Gambling Sites That
ReplyDeleteThere are currently no live casino sites available in the US. 토토 프로토 You may find sites that 제목학원 will only accept US 양방 배팅 players. All you need to 검증 업체 먹튀 랭크 know about 10 뱃 these