Tuesday, July 14, 2015
"ကိုယ့်​​သွေးက ​အေးပြီးရင်​ ​နွေးဖို့ခက်​တယ်​ မာရီယာ"
"ကိုယ့်​​သွေးက ​အေးပြီးရင်​ ​နွေးဖို့ခက်​တယ်​ မာရီယာ"
သီချင်းတိုင်းက
အသက်​ကို လာလာ​ထောက်​တယ်
စကားလုံးတိုင်းက
မာနကို ပါးပါးလှီးတယ်
ဘာ​ကြောင့်​များ
ကျည်​ဆံ​တွေကို ထပ်​ခါထပ်​ခါ နမ်း​ပြနေရတာလဲ...
ကိုယ့်​​သွေးက
အေးပြီးရင်​ ​နွေးဖို့ခက်​တယ်​ မာရီယာ...။
ဘောဂ​ဗေဒနဲ့ ရန်​ဖြစ်​ပြီး
အိမ်​​ပေါ်က ဆင်းလာတဲ့ ၂၂နှစ်​သား​လေး တစ်​​ယောက်
မိုး​မျှော်​တိုက်​​တွေကြားမှာ
မိုးကိုတိုက်​မယ်​ဆိုတဲ့ ဒူးနဲ့
ဘ၀ကို မီးထွက်​​အောင်​ ခတ်​ပစ်​ခဲ့တာ
ကိုယ့်​​သွေးက
အေးပြီးရင်​ ​နွေးဖို့ခက်​တယ်​ မာရီယာ...။
ဟာသ​တွေနဲ့ ​နေထိုင်​ပါတယ်
လူငယ်​လို ပွင်းလင်းပါတယ်
မင်းလက်​ထဲက ​သေနတ်​နဲ့
ကိုယ့်​ကိုယ်​လာလာမခြိမ်း​ခြောက်​ပါနဲ့
ကိုယ်​ မ​ကြောက်​တတ်​တာ ခက်​တယ်​ မာရီယာ...။
ဘယ်​ငရဲနဲ့မဆို ​နေရဲပါတယ်
ဘယ်​စစ်​ပွဲနဲ့မဆို ​သေရဲပါတယ်
ကိုယ့်​​ခေါင်းထဲ
အ​ပေါစား​ရေခဲမုန့်​​တွေ
ပစ်​ပစ်​မထည့်​စမ်းနဲ့ မာရီယာ...
ကိုယ့်​​သွေးက
အေးပြီးရင်​ ​နွေးဖို့ တကယ်​ခက်​တယ်​။
မိသားစုရဲ့ ဖွင့်​ဆိုချက်​အရ...
ကိုယ်​ဟာ သိုးမည်းပါ။
သူငယ်​ချင်း​တွေရဲ့ ဖွင့်​ဆိုချက်​အရ...
ကိုယ်​ဟာ ​ရေခဲပါ။
မင်းမျက်​၀န်းရဲ့ ဖွင့်​ဆိုချက်​မှာ
ကိုယ်​ဟာ ကစားစရာဖြစ်​သွားတာ စိတ်​မ​ကောင်းဘူး။
ကိုယ့်​​သွေးက
အေးပြီးရင်​ ပြန်​မ​နွေး​တော့ဘူး မာရီယာ...။      ။
                                      14. 7. 2015
Friday, July 10, 2015
"ပြန်​ရှာ​နေဆဲ လိပ်​စာ"
"ပြန်​ရှာ​နေဆဲ လိပ်​စာ"
လူရာဝင်​ရတာကို ငြီး​ငွေ့လာတဲ့အခါ
ငါ့စိတ်​က ​တောလမ်း​လေး​ပေါ် ​ပျော်​ကျသွားတယ်​။
ငါတို့ ငြိမ်းငြိမ်းချမ်းချမ်း
ငါတို့ ​အေး​အေး​ဆေး​ဆေး
ငါတို့ ဘ၀ကို လှလှပပ ​ရေးကြမလား...။
ငါ့ လူငယ်​ဘ၀ရဲ့စိတ်​ကူးစိတ်​သန်းမှာ
သေနတ်​ပစ်​ခန်း​တွေ များခဲ့တာ
ငါ စိတ်​မ​ကောင်းဘူး။
ငါဖန်​တီးတဲ့ အနုပညာမှာ
ငယ်​ဘ၀ ဒဏ်​ရာ​တွေ ပါပါသွားတာ
ငါ စိတ်​မ​ကောင်းဘူး။
ကဗျာကို  ချစ်​မက်​ခဲ့တယ်
ရွက်​၀ါ​တွေကို သနားခဲ့တယ်
တစ်​​နေ့မှာ တစ်​ရက်​မှာ
အရွက်​သစ်​ အပွင့်​သစ်​နဲ့
ဘ၀သစ်​ကို ပြန်​ဖွင့်​ဆိုဖြစ်​မယ့်​ သစ်​ပင်​...
ငါ ဘ၀ကို ဒီလို အား​ပေးရတယ်
ငါ အသက်​ကို ဒီလို ​ဆေး​ကျွေးရတယ်​။
မေ့မသွားတဲ့ အတိတ်​ဟာ ကျိန်​စာပဲ
ကျိန်​စာကို ကျိန်​စာနဲ့ ပြန်​တိုက်​ရမယ်​...
ပျောက်​မသွားတဲ့ ဒဏ်​ရာဟာ ကံကြမ္မာလား
ကံကြမ္မာကို ကံကြမ္မာနဲ့ ပြန်​ချည်​ရမယ်​...
ဓားတစ်​ချက်​ ထိတိုင်း
ကျည်​တစ်​​တောင့်​ သင့်​တိုင်း
ဒါ...ဘ၀မဟုတ်​ဘူး လို့
ပေါက်​ကွဲ ရွတ်​ဆို.....
ကိုယ့်​စိတ်​ကိုယ်​ ချို​အောင်​ မ​ချော့တတ်​ခဲ့တဲ့ အတိတ်​...
အခု
မလိုအပ်​တဲ့ တံခါး​တွေကို ငါတို့ ပိတ်​ကြရ​အောင်​...။
ပြီး​တော့
ငါတို့ ​ပျော်​​ပျော်​ရွှင်​ရွှင်
ငါတို့ ကြည်​ကြည်​နူးနူး
ငါတို့
ဒီပင်​လယ်​ကို လက်​ပစ်​ကူးကြရ​အောင်​....။        ။
                                               10. 7. 2015
Posted via Blogaway
Wednesday, July 8, 2015
"လူငယ်​လို ​နေထိုင်​ခြင်း"
"လူငယ်​လို ​နေထိုင်​ခြင်း"
နံရံကို ဖြတ်ထိုး​​လိုက်​တဲ့ လက်​သီးမှာ
နာကျင်​ခြင်း​ဟာ ​ဖျောက်​ခနဲ ကျိုးတယ်​။
လှိုင်းဒဏ်​ကို ​ကြောက်​တတ်​ရင်
ဒီ​နေရာထိ ​ရောက်​မလာဘူး
အေး​ဆေး.....
ဒီ​နေ့အထိ
ကိုယ့်​​သွေးဟာ ကိုယ့်​​သွေးအတိုင်း
ကိုယ့်​အ​တွေးဟာ ကိုယ့်​အ​တွေးအတိုင်း
သန့်​တယ်​။
ဘယ်​အ​ရောင်​မှ လာမဆိုးနဲ့
ဘယ်​အရိပ်​မှ လာမမိုးနဲ့
နေ​လောင်​လို့ နွမ်းကြစတမ်းဆို
စမ်း​​တွေနဲ့အပြိုင်
ကိုယ့်​ဘ၀ကိုယ် ခ​န်းပစ်​လိုက်​မယ်
ကို့ယ်​အမြင်​ကိုယ်​ ကန်းပစ်​လိုက်​မယ်​။
ဘာဖြစ်​လဲ ...
နေလို ကြယ်​လို လလို
ကိုယ့်​သင်္ခါရနဲ့ ကိုယ်
ဘ၀ကို
ချရဲတယ်​ ကျရဲတယ်​။
လောင်​ရဲတယ်​ ​မှောင်​ရဲတယ်​။
ဘယ်​လမ်းက ဘယ်​​လောက်​ကြမ်းမလဲ
ဘယ်​အ​တွေးက ဘယ်​​လောက်​လွဲမလဲ
ကိုယ်​​ရွေးတဲ့ လမ်းမှာ
ကိုယ်​​သောက်​တဲ့ ၀ိုင်​မှာ
ကိုယ်​ထိုင်​တဲ့ ခုံ​ပေါ်
ကိုယ့်​ဒုက္ခနဲ့ကိုယ်​ ​ပျော်​တယ်​။
ကောင်းကင်​ဘုံ၊ ငရဲ
ကြိုက်​တဲ့ထဲ ကိုယ့်​နာမည်​ကို ပစ်​ထည့်​လိုက်
အေး​ဆေး....။
ခင်​များကရုဏာအတု​တွေသာ
ပြန်​သိမ်းလိုက်​...
လှိုင်းအတက်​အဆင်း​တွေ
မြစ်​ရေကြီးခြင်း သတင်း​တွေ
ဘာဖြစ်​လဲ...
ဟောဒီမနက်​ခင်း​တွေအတွက်
ငါ့မှာ ကိုယ်​ပိုင်​သီချင်းရှိတယ်​။     ။
၆၇၂၀၁၅
Sunday, June 28, 2015
"ဗန်​ဒါရွက်​​ပေါ်မှ မိုး​ရေစက်​များ"
"ဗန်​ဒါရွက်​​ပေါ်မှ မိုး​ရေစက်​များ"
သင်္ခါရကို သရုပ်​ပြဖို့
ကောင်းကင်​ဘုံက ခုန်​ချလာသလား
ချစ်​ခြင်း​မေတ္တာ၊ ​အေးမြခြင်း
စစ်​ပွဲ​တွေဟာ အခုထိ အိုမင်းမသွားကြ။
မိဘမဲ့ က​လေးတစ်​​ယောက်​လို
တိုက်​ပွဲကြား စွန့်​စား​နေရတဲ့ ဒုက္ခသည်​လို
ကြွေခြင်းဟာ သိပ်​လွယ်​နေတယ်​။
သေခြင်းဟာ သိပ်​လွယ်​​နေတယ်​။
ဖြစ်​တည်​မှုတစ်​ခုအ​ပေါ်မှာ
လျှော်​ပစ်​လို့ မရတဲ့ ပျက်​စီးခြင်းတစ်​ခု
ရုပ်​,နာမ်​ ​ဝေါဟာရ​တွေထက်
အာလုံးနားလည်​လွယ်​မဲ့ မျက်​မြင်​သ​င်္ကေတ
ဘ၀ဟာ ဘာလဲ...
ငါ့ကို လှမ်း​မေးလိုက်​သလား
ဘ၀ဟာ ဒါပဲ...
ငါ့ကို လှမ်း​ပြောလိုက်​သလား
နေခြင်း တန်​ဖိုး
သေခြင်း တန်​ဖိုး
ငါ့စိတ်​ထဲ အမြစ်​စွဲ​နေတဲ့ ​ရောဂါပိုးက
ဆေးမတိုး​တော့တာ ခက်​တယ်​။
အ​မေ့အိမ်​ပြန်​​ရောက်​ဖို့
မြေပြင်​ဆီ ​ခေါင်းတိုး​ဖောက်​ခွဲ
အဲဒီလို ကိုယ့်​ကိုယ်​ကိုယ်​ လက်​ရဲဖို့ လိုသလား
ငြိမ်းချမ်း​ရေး၊ အမှန်​တရားနဲ့ စိတ်​ခံစားချက်
ဖောက်​ကနဲ ​ပေါက်​ကွဲပြီး
ကောင်းကင်​ဘုံ ပျံတက်​သွားတဲ့ မင်းကိုယ်​​ငွေ့ကို
ငါ မ​တွေ့လိုက်​ဘူး မိုးစက်​...။      ။
Thursday, June 18, 2015
"​ရှေး​ဟောင်းကျမ်းစာ"
"​ရှေး​ဟောင်းကျမ်းစာ"
လူသုံးနည်းတယ်
နားလည်​ရခက်​တယ်
ဘယ်​လိုလဲ...
အသံထွက်​ပြီး မင်း ဖတ်​လိုက်​သလား။
စွမ်းအားတမျိုးမျိုးကို ရဖို့
နတ်​​ဒေ၀တာ တစ်​ပါးပါးကို မြင်​ဖို့
ကြိုတင်​စိတ်​ကူးယဉ်​ထားလား။
ရတနာသိုက်​တ​ခုခု
ရှေး​ဟောင်းမြို့​တော်​တ​ခုခု
လျို့ဝှက်​ခံတပ်​တခုခု
မှန်းထားသမျှ
ဘာတခုမှ မင်းမ​တွေ့ရတဲ့အခါ
သူလိုကိုယ်​လို အ​ရေပြားမှာ
သူလိုကိုယ်​လို ဒဏ်​ရာကို
သူလိုကိုယ်​လို အက္ခရာမှာ
သူလိုကိုယ်​လို အနုပညာကို
ဖျပ်​ကနဲ မင်းမြင်​လိုက်​ရတဲ့အခါ
သက်​ပြင်းကို ခပ်​မျှင်းမျှင်း ချ
ဘယ်​လိုလဲ....
နောင်​တရသွားလား။
ပင်​လယ်​လို ​နေဖို့
ကောင်​ကင်​​ယောင်​ ​ဆောင်​ဖို့
အချစ်​အ​ကြောင်း မကျွမ်းကျင်​သူ
အ​ပေါ်ယံယဉ်​​ကျေးမှုနဲ့
လူမှုဆက်​ဆံ​ရေးကို ​ဆေးမကုတတ်​သူ
ကွန်​ဆာ​ဗေးတစ်
ဘယ်​လိုလဲ...
ဒီကျမ်းစာကို
မင်း စုတ်​ပစ်​လိုက်​မှာလား။       ။ 
                            1. 6. 2015
Monday, June 15, 2015
"မှန်​ကွဲစများ"
"မှန်​ကွဲစများ"
နံရံ​ပေါ်က အပြုံးထဲ
ချိန်​ကိုက်​ဗုံးတစ်​လုံး ထပ်​ထည့်​ကြည့်​တယ်
ဗီဇစိတ်​က ဘန်​ပိုင်​ယာတစ်​​ကောင်​လို
အ​မှောင်​ကို ကြိုက်​သွားပြီလား...။
ဒီ​နေ့သွားရမဲ့ ကြိုးဝိုင်းထဲ
ငါအလဲထိုးရမယ့်​ ငါ့ရန်​သူဟာ
ငါ့သူငယ်​ချင်း အရင်း​ခေါက်​​ခေါက်
လူတစ်​​ယောက်​ဟာ
လမ်းနှစ်​ခု​လျှောက်​မရတာ ခက်​တယ်​။
ငါ့အ​ရေပြား​ပေါ်က တတ်​တူးလို
ငါ့စိတ်​ထဲ စိမ့်​ဝင်​​နေတဲ့ ငါ့နာကျင်​မှု
ဘယ်​သူ ဂရုတစိုက်​ ဖတ်​ကြည့်​ဖူးလဲ...။
အင်္ကျီကို ချွတ်​တယ်
လက်​အိတ်​ကို စွပ်​တယ်
ငါ့​ခြေလှမ်း​တွေဟာ ကြည့်​မှန်​ဆီ တ​ရွေ့​ရွေ့
ကြည့်​မှန်​ထဲမှာ
နာကျင်​/နာကျည်း​နေတဲ့ သားရိုင်းတစ်​​ကောင်
ငါ့ဗီဇစိတ်​ကို ထိုးထိုး​ဟောင်​​နေတယ်​။
ငါ ပြုံးကြည့်​တယ်
ငါ့အပြုံးက အပြုံးနဲ့တူမလာဘူး
ငါ ဟက်​ကနဲ တစ်​ချက်​ရယ်​ပြီး
ကြည့်​မှန်​ကို လက်​သီးနဲ့ ထိုးခွဲလိုက်​တယ်
ငါ့ဗီဇစိတ်​ဟာ အစိတ်​စိတ်​အမွှာမွှာ...
ဒီ​နေ့သွားရမဲ့ ကြိုးဝိုင်းထဲ
ငါ အလဲထိုးရမယ့်​ ငါ့ရန်​သူဟာ
ငါ့ရန်​သူ အရင်း​ခေါက်​​ခေါက်
လူတစ်​​ယောက်​ဟာ
လမ်းတစ်​ခုပဲ ​လျှောက်​ ရ တယ်​။    ။
                                  14. 6. 2015
နွေလူသစ်​ (ကဗျာတိုများ)
"ကဗျာဆရာ"
သာမန်ကောင်လေးတစ်ယောက်ပါ
မြစ်ကို လက်ညိုးထိုးပြီး
ကိုယ့်ကိုယ်ကိုယ် ပြန်မျှားခဲ့တာ
ရာသီတာ လွန်သွားတယ်
သစ်သီးက တစ်လုံးမှ မကြွေဘူး။     ။
"ပန်းချီဆရာရဲ့ အတ္ထုပ္ပတ္တိ"
မီးသင့်ဒဏ်ရာကို ဆေးပါးပါးသုတ်ပြီး
ကင်းဗတ်စနဲ့ အုပ်ထားခဲ့တယ်
တစ်ဘဝစာ လောင်ကျွမ်းခြင်းဟာ
ရိုးမြေကျ. . . ။        ။
"လူငယ်"
ယုံကြည်သလောက် လျှောက်ခဲ့တဲ့လမ်းပဲ
တောက်ပသလောက်
ဒဏ်ရာတွေ ရုန်းကြွလည်း
ညကို တေးမဆိုဘဲ သိပ်မယ်။      ။
"ကံမကောင်းတဲ့ကောင်"
ဘာတွေကိုပေးပြီး
ပြန်ရွေးရမယ့် အချစ်လဲ. . .
ငါ့လက်ဖဝါးပေါ်
သင်္ဘောတွေ ခဏခဏ မှောက်နေရဲ့။    ။