"ကိုယ့်သွေးက အေးပြီးရင် နွေးဖို့ခက်တယ် မာရီယာ"
သီချင်းတိုင်းက
အသက်ကို လာလာထောက်တယ်
စကားလုံးတိုင်းက
မာနကို ပါးပါးလှီးတယ်
ဘာကြောင့်များ
ကျည်ဆံတွေကို ထပ်ခါထပ်ခါ နမ်းပြနေရတာလဲ...
ကိုယ့်သွေးက
အေးပြီးရင် နွေးဖို့ခက်တယ် မာရီယာ...။
ဘောဂဗေဒနဲ့ ရန်ဖြစ်ပြီး
အိမ်ပေါ်က ဆင်းလာတဲ့ ၂၂နှစ်သားလေး တစ်ယောက်
မိုးမျှော်တိုက်တွေကြားမှာ
မိုးကိုတိုက်မယ်ဆိုတဲ့ ဒူးနဲ့
ဘ၀ကို မီးထွက်အောင် ခတ်ပစ်ခဲ့တာ
ကိုယ့်သွေးက
အေးပြီးရင် နွေးဖို့ခက်တယ် မာရီယာ...။
ဟာသတွေနဲ့ နေထိုင်ပါတယ်
လူငယ်လို ပွင်းလင်းပါတယ်
မင်းလက်ထဲက သေနတ်နဲ့
ကိုယ့်ကိုယ်လာလာမခြိမ်းခြောက်ပါနဲ့
ကိုယ် မကြောက်တတ်တာ ခက်တယ် မာရီယာ...။
ဘယ်ငရဲနဲ့မဆို နေရဲပါတယ်
ဘယ်စစ်ပွဲနဲ့မဆို သေရဲပါတယ်
ကိုယ့်ခေါင်းထဲ
အပေါစားရေခဲမုန့်တွေ
ပစ်ပစ်မထည့်စမ်းနဲ့ မာရီယာ...
ကိုယ့်သွေးက
အေးပြီးရင် နွေးဖို့ တကယ်ခက်တယ်။
မိသားစုရဲ့ ဖွင့်ဆိုချက်အရ...
ကိုယ်ဟာ သိုးမည်းပါ။
သူငယ်ချင်းတွေရဲ့ ဖွင့်ဆိုချက်အရ...
ကိုယ်ဟာ ရေခဲပါ။
မင်းမျက်ဝန်းရဲ့ ဖွင့်ဆိုချက်မှာ
ကိုယ်ဟာ ကစားစရာဖြစ်သွားတာ စိတ်မကောင်းဘူး။
ကိုယ့်သွေးက
အေးပြီးရင် ပြန်မနွေးတော့ဘူး မာရီယာ...။ ။
နွေလူသစ်
14. 7. 2015
Tuesday, July 14, 2015
"ကိုယ့်သွေးက အေးပြီးရင် နွေးဖို့ခက်တယ် မာရီယာ"
Subscribe to:
Post Comments (Atom)
No comments:
Post a Comment